သေတမ်းစာ

Filed under: by:

အနားကကြယ်သေတွေကိုကြည့်ပြီး.... ငါ့ အသိတွေခါးခါးလာတယ်...
စုပ် နစ် မွန်း ကြပ်...///...
မနေ့ကကြားခဲ့တဲ့စကားတွေကြားမှာ.... ငါမလူးသာမလွန့်သာ။
မခံစားဖူးလို့ အကြိမ်ကြိမ်တွေးထားရင်း ရင်နင့်လာတဲ့ခံစားမှုတွေက ဘယ်သူ့အတွက်လဲ... ဘာအတွက်လဲ....

တရားဆိုတာ မျှတခြင်းတဲ့.... ဒါဆိုငါ့မှာ မျှတစွာခံစားခွင့်လေးတော့ ရှိသင့်ရမှာပေါ့....

အရှေ့ကလူတွေက အရှေ့ကိုသွားကြတယ်...အနောက်ကသူတွေကလည်း အနောက်ကိုသွားကြသလိုလိုနဲ့ ... အခုငါမြင်နေရတာက အရှေ့ရယ်အနောက်ရယ်မရှိဘူး.... အချိန်မရွေးပြောင်းလဲခြင်းရဲ့ နိယာမ .... အချိန်မရွေးရောက်နိုင် သွားနိုင်နေတဲ့အခါ......... ငါဘယ်အချိန်လဲဆိုတာကို သတိရလာတယ်.....

အခြားသူတွေအတွက် ငိုကြွေးရင်း... ငါ့အတွက်မျက်ရည်တွေ ကုန်ဆုံးသွားရင် ဘယ်လောက်များကောင်းလိမ့်မလဲ.....

တွေးကြည့်ရင်းးးး တွေးကြည့်ရင်းးးးး

လူတွေရေးရေးနေတဲ့ သေတမ်းစာတွေကို ငါသနားလာတယ်....ငါ့ကိုငါလည်းသနားချင်လာတယ်....

လူတွေမှာ အမှန်တကယ် သေတမ်းစာရေးခွင့် ရခဲ့ကြသလား....????

မသေဆုံးသေးရင်တော့ ရေးခွင့်ရှိရမှာပေါ့..................

သေတမ်းစာ ၁)

ဘာမှမသိနိုင်တဲ့ ရုပ်အလောင်းကြီးတစ်ခုနားမှာ တိုးတိုးဝှေ့ဝှေ့ တစ်ယောက်ဝင်တစ်ယောက်ထွက် သာမန်ဖြစ်ရပ်တစ်ခုကို ကြီးကျယ်ခမ်းနားအောင် မလုပ်ကြပါနဲ့.... စကားလုံးတွေကြားမှာ မွန်းကျပ်လွန်းလို့ အမှန်တကယ်နှမြောခဲ့ရင်.... ကိုယ်နေရာကနေကိုယ် ကျေနပ်နေလိုက်ကြစမ်းပါ.... တိတ်တိတ်ဆိတ်ဆိတ်လေးနေပေးပြီး ဂုဏ်ပြုလိုက်ကြစမ်းပါ....

ငါသေခဲ့ရင်ပေါ့.... ငါ့အနားမှာ ဘယ်သူမှရှိမနေခဲ့ပါနဲ့.....

ငါ.... အသက်ရှုတွေကြပ်လွန်းလို့ပါ....

သေတမ်းစာ ၂)

နှမြောတယ်ဆိုတဲ့စကားတစ်လုံးနဲ့ လူတစ်ယောက်ကိုမြေမြုပ်ပစ်လိုက်ကြဖို့ ဘာလို့များလုပ်နေကြတာလဲ... ဒီစကားလုံးတွေက ငါ့အတွက်ဘာမှမထိရောက်ခဲ့ဘူး.... လူဟာ ပစ္စည်းတစ်ခုနဲ့တူပါတယ်.... ၂၀၀၇ ကပစ္စည်းတစ်ခု ၂၀၀၈ မှာပျက်သွားပြီး ၂၀၀၉ မှာနောက်ထပ်ပိုကောင်းမွန်တဲ့ ပစ္စည်းတစ်ခုဖြစ်လာမယ်လို့ သတ်မှတ်လိုက်ကြပါ.... ငါက ဟောင်းနွမ်းပျက်စီးသွားမှာမဟုတ်ဘူး.... လူတွေအားလုံးကို ပိုကောင်းအောင်ပြု လုပ်ပေးဖို့ အသစ်တစ်ခုထပ်ဖြစ်လာတာပါ.....

ငါသေခဲ့ရင်.... ငါ့ကိုနှမြောခြင်းတွေနဲ့ စုတ်တသတ်သတ် စကားလုံးတွေမပြောကြပါနဲ့ .... နှလုံးသားတွေက ခါးတတ်လွန်းလို့ပါ..။

သေတမ်းစာ ၃)

ဆာလောင်ခြင်းထက်ပိုကောင်းတဲ့ မနက်စာတွေလောကမှာ အများကြီးရှိတယ်.... လူတစ်ယောက်အတွက် ပူပန်သောကတွေနဲ့ ဆွမ်းသွပ်တဲ့ မနက်စာတစ်ခုထက် ပိုကောင်းတဲ့ ငြိမ်းချမ်းခြင်းတရားတွေကို ပြုလုပ်ပေးကြပါ... သောကမျက်ရည်တွေနဲ့ ဆွမ်းတစ်နပ် ထက် ပျော်ရွှင်မြူးကြွနေတဲ့ ဂီတသံတစ်ခုကမှ ငါ့အတွက်ချိုမြိန်စေနိုင်သေးတယ်.... ဒီအတွက်ပေါ့

ငါသေခဲ့ရင်... ငါ့အတွက်ဆွမ်းမသွပ်ပါနဲ့..... ဆာလောင်ခြင်းထက်ပိုကောင်းတဲ့ မနက်စာ ငါ့မှာရှိတယ်။

သေတမ်းစာ ၄)

ငါ့အတွက် အလိုလိုကျလာမယ်ဆိုရင် မျက်ရည်ကိုကျခွင့်ငါပေးမယ်.... ဖန်တီးပြီးကျမယ့်မျက်ရည်တွေအတွက် လှောင်ပြောင်မှုတစ်ခုကိုပဲ သင်တို့ရလိမ့်မယ်.... ဒီအတွက် ကိုယ့်ကိုကိုယ်စမ်းစစ်ပါ... ငါ တကယ်ခံစားနေရတာလားဆိုတာကိုပေါ့....................

ငါသေခဲ့ရင်.... မလိုအပ်ပဲ မျက်ရည်မကျကြပါနဲ့.....

လိုအပ်မယ်ထင်ရင် ကမ္ဘာ့အပျော်ရွှင်ဆုံး ဟာသတစ်ပုဒ်ကလည်း ငါ့အတွက်အားဖြစ်စေပါတယ်....

သေတမ်းစာ ၅)

လူတစ်ယောက်ရှိစဉ်မှာ သူ့ရဲ့လုပ်ဆောင်ချက်တွေ အားထုတ်မှုတွေ အကျိုးသက်ရောက်မှုတွေကို လှစ်လျူရှုပြီး သေသွားမှ ဂုဏ်တွေကိုထုတ်ဖော်မပြောကြပါနဲ့.... မသေခင်မရခဲ့တဲ့ သက်ရောက်မှုတွေအတွက် ကိုယ့်ကိုကိုယ်သိပ်နှမြောမိသွားလိမ့်မယ်..... ဒါကြောင့်...

ငါသေခဲ့ရင်... ငါ့မကောင်းကြောင်းတွေကို အားပါးတရပြောကြပါ.... ကိုယ့်ရဲ့သေဆုံးမှုအတွက် ထိုက်တန်ချင်လွန်းလို့.....

သေတမ်းစာ ၆)

သေသွားပြီဆိုမှ ငါ့နာမည်တွေကို ခနခနမရေရွှတ်ကြပါနဲ့... ခုရှိနေစဉ်မှာ ရေရွတ်လိုက်ကြစမ်းပါ... ငါ့ရဲ့လွတ်မြောက်ခြင်းလမ်းမမှာ ငါခလုတ်တွေခနခနမတိုက်ချင်ဘူး... ဒါကြောင့်

ငါသေခဲ့ရင်.... ငါ့နာမည်ကို ခနခနမရေရွတ်ကြစမ်းပါနဲ့.... ငါ မောလွန်းလို့....

သေတမ်းစာ ၇)

နှစ်ပတ်လည်ဆိုတဲ့စကားတွေကို မသုံးနှုန်းကြပါနဲ့.... ငါမွေးခဲ့တာလည်း တစ်ရက်တည်း... ငါသေသွားရမယ့် ရက်ကလည်း တစ်ရက်တည်းပါပဲ.... ဒီအတွက် ငါ့မှာ နှစ်ပတ်လည်မလိုအပ်ဘူး..... ဒါကြောင့်

ငါသေခဲ့ရင်.... ငါ့အတွက် နှစ်ပတ်လည် ၀မ်းနည်းခြင်းတွေပြုလုပ်ပေးစရာ မလိုဘူး.....

သေတမ်းစာ ၈)

ငါ့ကိုချစ်ရင်ပေါ့.... စိတ်ကောင်းမွေးကြပါ....

ငါ့ကိုနှမြောရင်ပေါ့.... အတ္တတွေလျော့ကြပါ....

ငါ့ကိုသနားရင်ပေါ့..... မာနတွေမထားကြပါနဲ့....

ငါ့အတွက်ဝမ်းနည်းရင်... မောဟတွေအတောသတ်ပေးကြပါ...

ငါ့ကိုစာနာရင်.... လူသားခြင်း ရိုင်းပင်းကူညီကြပါ.....

ငါ့ကိုလိုအပ်ရင်.... လူတွေရဲ့ လိုအင်တွေဖြည့်ပေးကြပါ....

ငါ့ကိုမြတ်နိုးရင်... အမှန်တရားကိုလက်ကိုင်ထားကြပါ...

ငါ့ကို......

ငါ့ကို.......

ငါ့ကို.........

အရာအားလုံးငြိမ်းချမ်းမှုကို တခြားမှာ မရှာပါနဲ့.... ငြိမ်းချမ်းမှုဆိုတာ ကိုယ့်ရဲ့နှလုံးသားထဲမှာပဲရှိတယ်လို့ ယုံကြည်ကြပါ..... လောကမှာ ကိုယ့်ကိုကိုယ်ထက်ပိုပြီး ဘယ်သူကမှ ကိုယ့်ကိုငြိမ်းချမ်းအောင် ပြုလုပ်ပေးလို့မရပါဘူး.... နှလုံးသားသန့်စင်ဖို့အတွက်.... ကိုယ့်ရဲ့စိတ်လေးကိုကိုယ်ပြုပြင်ကြပါ....

သေတမ်းစာ ၉)

အပေါ်မှာဖတ်ခဲ့တဲ့ (၈) ခုလုံးမလိုက်နာနိုင်ခဲ့ရင် နံပါတ် (၉)ခုမြောက်အရောက်မှာ ဒီစာကိုရေးခဲ့တဲ့ မိန်းမတစ်ယောက်ကို လုံးဝမသိခဲ့ဖူးလို့ သတ်မှတ်ပေးလိုက်ကြပါ။ ဒီမိန်းမ ဒီကမ္ဘာမြေရဲ့ တစ်နေရာရာမှာ ခြေမချခဲ့ဖူး... ဒီမိန်းမနဲ့ မသိကျွမ်းခဲ့ဖူးဘူး....ဘာမှမဟုတ်တဲ့ မိန်းမတစ်ယောက်လို့ သတ်မှတ်ပေးလိုက်ကြပါ။

ငါသေခဲ့ရင်... ငါဆိုတာ မရှိတော့ဘူးဆိုတဲ့ အသိလေးကို ၀မ်းမြောက်စွာ လက်ခံပေးကြပါ။

*****************************///***************************************************

စာဖတ်သူများ ချမ်းမြေ့ပါစေရှင်။ စိတ်ကူးတည့်ရာရေးသားမှုတစ်ခုဖြစ်သောကြောင့် မလေးနက်ခဲ့ပါက ခွင့်လွှတ်ပေးပါရန်။

0 comments: