အ ပိုင်း အ စ များ

Filed under: by:

ရုတ်တရက်ရောက်လာသော စကားလုံးများသည် မရည်ရွယ်ပဲရွာသော မိုးထက်ပို၍ ရှောင်ရှားရန်ခက်ခဲနေတတ်သည်။
ခက်ကြမ်းကြမ်းတိုက်ခတ်လာသော လေများကဲ့သို့ ကျွန်မနံရံများဆီသို့ အစိမ်းရောင်ဖျော်ရည်များ အိတ်သွန်ဖာမှောက် ကျရောက်လာခဲ့သည်.... နံရံတစ်ချပ်လို လွင့်မသွားအောင်တောင့်ခံနိုင်သော အင်အားများ ကျွန်မ၌အဆင့်သင့်ရှိမနေခဲ့…။
တမင်တကာလုပ်ယူထားခြင်းမဟုတ်သော ဆွံ့အခြင်းများသည် ကျွန်မနှုတ်ခမ်းဆီမှ ထွက်ကျမလာသော စကားလုံးများအဖြစ် ရပ်တည်နေခဲ့သည်.... ကိုယ့်အပြုံးကိုယ် မသေချာနိုင်ခဲ့သော မိန်းမတစ်ယောက်မှာ ကျွန်မဖြစ်နေခဲ့ပါသည်..။

သေသပ်ပိရိသော နှုတ်ခမ်းတစ်ခု၊ ရွေ့လျားခြင်းမရှိသော မျက်ဝန်းတစ်စုံနှင့် အရာရာကိုရင်ဆိုင်ရန်အသင့်ရှိနေသော မျက်နှာပေးတစ်ခုကိုကြည့်၍ ကျွန်မက ခံစားတတ်တဲ့မိန်းမမဟုတ်ဘူးဟု သူ…. ယူဆသွားခဲ့ပါသည်….။

တခါတရံ၌ ရင်ဘတ်ထဲမှ အရာများကို တော်တော်များများလိုက်လို့မမှီခြင်းမှာ အံသြထူးဆန်းစရာတစ်ခုမဟုတ်ခဲ့ပါ။ စင်စစ်လူတိုင်းသည် လိုအပ်ရင်လိုအပ်သလို မည်သူမှသင်စရာမလိုပဲ ဟန်ဆောင်တတ်ခဲ့ကြပြီး…. ကျွန်မကတော့ မလိုအပ်ပဲဟန်ဆာင်တတ်ခဲ့သော ဇာတ်ဆောင် တစ်ယောက်သာဖြစ်ခဲ့သည်.....

“ငါ့ဘ၀အတွက် မင်းကိုမလိုအပ်တော့ဘူး….. မင်းအနားမှာ ရှိမနေနိုင်တော့တဲ့အချိန်တွေအတွက်…. အနားမှာရှိနေခဲ့ဖူးတဲ့ အချိန်လေးတွေကို အမှတ်ရပြီး ငါ့ကိုမေ့ပေးပါ…. တကယ်တော့ အချစ်ဆိုတာ အချိန်တစ်ခုအတွင်းဖြစ်တည်နိုင်ပြီး အချိန်တစ်ခုတွင်း ပျက်စီးသွားနိုင်တဲ့ စိတ္တဇနာမ်တစ်ခုသာဖြစ်တယ်… အခုတော့ ငါတို့ စိတ္တဇနာမ်လေးတစ်ခု ပျောက်ကွယ်သွားတယ်လို့ မှတ်လိုက်ရင် မင်းအတွက် ပိုကောင်းနိုင်မယ်ထင်တယ်….”

***********************************///***************************************************

၁)

အချစ်ဆိုတာဘာလဲနင်သိရဲ့လား....?

၂)

အချစ်နဲ့ဘ၀ ဘယ်လောက်ထိသက်ရောက်မှုရှိလဲကော နင်သိရဲ့လား...?

၃)

အချစ်မှာရှိသင့်ရှိထိုက်တဲ့ တန်ဖိုးနဲ့ တန်ခိုးတွေကိုကော နင်သိရဲ့လား…?

၎)

အချစ်သက်သက်ချစ်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းရဲ့အခြားတစ်ဖက်အကြောင်းကိုကော နင်သိရဲ့လား....?

၅)

ငါ နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာကော နင်သိရဲ့လား.....?



မေးခွန်း (၅)ခုနှင့် ဘ၀တစ်ခုကို လဲလှယ်ရမည်ဆိုတဲ့အခါ နင်ဘာလုပ်မလဲချစ်သူ....ငါက နင့်အချစ်ကိုလဲရူးရူးမိုက်မိုက်လိုချင်ရဲ့ ပြီးတော့ နင့်ဘ၀ကိုလည်း အဆစ်တောင်းချင်သေးသတဲ့လေ.....

**************************************///*************************************************

သဲထဲရေသွန်တဲ့ အလုပ်တစ်ခုကို ဘ၀မှာလူတိုင်းလုပ်ခဲ့ဖူးသလို.... ကျွန်မလည်း တစ်ချိန်က လုပ်ခဲ့ဖူးတာပေါ့... ကျွန်မသွန်လိုက်တဲ့ ရေကလေးတွေ သဲထဲမှာ နစ်မြုပ်သွားတယ်.... သိပ်တော့မကြာလိုက်ပါဘူး... သဲကလေးတွေက သဲကလေးတွေအတိုင်းပြန်ဖြစ်... ကျွန်မသွန်လိုက်တဲ့ရေတွေက ပျောက်ရှ.... အချိန်ခနလေးအတွင်းမှာ ဘယ်နေရာမှာမှ ရှာမတွေ့နိုင်အောင် ပျောက်ဆုံးသွားတော့တယ်။

ကျောက်ခဲတစ်လုံးကို ရေမြောင်းတစ်ခုခုမှာဖြစ်ဖြစ် ကမ်းစပ်တစ်ခုခုမှာဖြစ်ဖြစ် နောက်ဆုံး မိုးရေတွေပြည့်နေတဲ့ အိုင်လေးတစ်ခုမှာဖြစ်ဖြစ် တစ်ခါလောက်တော့ ပစ်ကြည့်ကြဖူးမှာပါ.... ကျွန်မလည်း တစ်ချိန်ကတော့ ကျောက်ခဲတစ်လုံးထက်ပိုပြီး ပစ်ခဲ့ဖူးတယ်.... ပစ်ချချခြင်း အသံတစုံတရာကြားခဲ့ရသလား ကျွန်မမသေချာခဲ့… ပလုံဆိုတဲ့အသံတိုင်းလေးပဲ သူမြုပ်သွားတာပေါ့လို့ ကျွန်မယုံကြည်နေခဲ့တယ်..... ကျွန်မကျောက်တုံးလေး ကျွန်မမျက်လုံးရှေ့မှာတွေ ပျောက်ဆုံးသွားခဲ့.... ဒီကမ်းရဲ့အောက်ဆုံးမှာဖြစ်ဖြစ်.... ချောင်ကြားလေးမှာဖြစ်ဖြစ် တစ်နေရာရာမှာတော့ သူရှိလိမ့်ဦးမယ်...

ဒါပေမယ့် ကျွန်မမျက်လုံးရှေ့တည့်တည့်မှာတော့ ကျောက်တုံးလေး ပျောက်ရှ.... အချိန်ခနလေးတွင်းမှာပဲ... သူ … ကျွန်မကို…. နှုတ်ဆက်သွားတော့တယ်.....

ကျောက်ကျောတုံး မည်းမည်းလေးတွေကို ဆောင်ပုဒ်ထဲကလိုတော့ ရေမပက်ဖူးဘူး... ဒါပေမယ့် ဘယ်လိုရေနဲ့ပဲရောသောက်သောက် အရောင်မပြောင်းခဲ့တာကိုတော့ လူတိုင်းတွေ့ဖူးကြမှာပါ... ကျွန်မလည်း တစ်ချိန်ကတော့ အရောင်မပြောင်းတဲ့ ကျောက်ကျောတုံးကလေးတွေကို သာမန်ရေတွေနဲ့ ရောသောက်ခဲ့ဖူးတယ်.....

ကျွန်မရဲ့ဆာလောင်ခြင်းတစ်ခုကြောင့်လည်းမဟုတ်ခဲ့.... ကျွန်မရဲ့ ပူလောင်မှုတစ်ခုအတွက် ဖြေသိမ့်ဖို့လည်းမဟုတ်ခဲ့... ဘာအတွက်မှမဟုတ်ပဲစားသုံးခဲ့မိတယ်ဆိုတာကိုတော့ ကျွန်မကအသိဆုံးဖြစ်မှာပါ….

********************************///*********************************************************

အဓိပ္ပါယ်မရှိတဲ့ အတွေးတွေကိုတွေးရင်း အဓိပ္ပါယ်ရှိတာတွေရရှိတတ်တယ်…. အဓိပ္ပါယ်ရှိတာတွေကိုတွေးရင်းလည်း အဓိပါယ်တွေကင်းမဲ့လာတယ်….

အခုချိန်မှာ အာသာပြင်းပြင်းလိုအပ်တောင့်တနေတဲ့အရာတစ်ခုကတော့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာလေးပဲဖြစ်တယ်….

ဇဝေဇ၀ါနဲ့ မသေချာမူ့ တွေကို မုန်းတဲ့ မိန်းကလေးတယောက်အတွက် သေချာမူ့ ဆိုတဲ့ ပန်းတိုင်တခုကို မျှော်လင့်ခဲ့တယ်ဆိုရင် မှားတဲ့ဖက်မှာ ငါဟာတယောက်ထဲပါလို့  ပြောကြဦးမှာလေ… ဒါပေမယ့် ကျွန်မအချစ်အတွက်သေချာခြင်းဆိုတာတစ်ခုကိုတော့ ကျွန်မသေသေချာချာလိုအပ်ခဲ့တာပါ။

ကျွန်မအနားမှာ သူဘယ်အချိန်ထိရှိနေမှာလည်းဆိုတဲ့မေးခွန်းတစ်ခုကို ကျွန်မအနားမှာရှိခဲ့ဖူးတဲ့ သူ့အချိန်တွေနဲ့ ရောမပစ်နိုင်ခဲ့တာ ကျွန်မရဲ့အားနည်းချက်တစ်ခုပဲဖြစ်နိုင်ပါတယ်… သေချာတာကတော့ အချိန်တိုင်းအတွက် သူ့ကိုလိုအပ်ခဲ့တာပါ။ ကျွန်မအနားမှာ သူအတွက်ဘာမှမဟုတ်ခဲ့တဲ့ စိတ္တနာမ်တွေ ၀ိုင်းရံနေခဲ့တယ်….

တခါတလေမှာတော့ ရင်ဘတ်ထဲကအရာတွေကို လက်ကဖော်ပြနိုင်ဖို့ရာ အလွန်ပဲခက်ခဲနေခဲ့ပါတယ်…..

*******************************///************************************************************

အာရုံထဲမှာေ၀၀ါး.....

အသိတစ်ခုက မှောက်ယက်လဲနေတယ်....

သူဘယ်နားမှာလဲ.....

ကိုယ့်အရိပ်ကိုယ်ပျောက်ခံရတဲ့သူတိုင်း......

မျက်ရည်မကျပဲ ငိုကြွေးခဲ့ဖူးမှာပေါ့....

နှုတ်ခမ်းတွေလည်းမကိုက်ဖြစ်ဘူး....

တောက်တစ်ချက်လည်းမခေါက်မိဘူး.....

အနားမှာနေပေးပါလို့လည်း....

မတောင်းဆိုမိပါဘူး....

ချစ်ခြင်းတစ်ခုရဖို့...

သနားခြင်းကိုလည်း ငါးစာမလုပ်ချင်ဘူး....

ငါ သိပ်ချစ်တတ်ခဲ့တယ်ဆိုတာတော့...

ငါ့နှလုံးသားကလွဲပြီး...

ဘယ်တစ်ယောက်ကသိနိုင်ဦးမှာလဲ.....

ထားလိုက်ပါ....

နားလိုက်ပါတော့.....

သူလည်းတစ်လျှောက်လုံးမောပန်းခဲ့ရတာ....

မျက်လုံးလေးစုံမှိတ်....

နှလုံးသားလေး ငြိမ်သက်သွားတော့....

ငါ့အသက်ရှုသံလေးက.....

ခပ်တိုးတိုးလေး ပျောက်ဆုံးသွားတော့တယ်.......

***********************************///*************************************************

စာဖတ်သူများချမ်းမြေ့ပါစေရှင်.... စိတ်ကူးတည့်ရာလေးများရေးသားထားဖြင်းဖြစ်ပါသည်....ဘယ်လိုမှမခံစားနိုင်ပါက စာရေးသူ၏ ညံ့ဖျင်းမှုသက်သက်သာဖြစ်ပါသည်။

0 comments: