သက္ကရာဇ်တွေက
သက်ပြင်းချတယ်
ငါနေ့တိုင်းသွားနေရတာ မောပြီတဲ့
ရင်ထဲက ဘူတာရုံလေးက
စောင့်ဆိုင်းဖို့ ဘယ်တော့မှ မပျင်းတတ်ခဲ့ဘူး
မလှမ်းမကမ်းမှာ ဖွင့်တဲ့သီချင်းက
waiting for u တဲ့
ကြည့်စမ်း ....
တခါတလေ မဟုတ်လောက်အောင်
လောကကြီးက တိုက်ဆိုင်တတ်လိုက်တာ
ရုတ်တရက်မေးခွန်းတွေလာတိုင်း
ခြေလှမ်းတွေ တွန့်မသွားတတ်တာက
မွေးရာပါ ဗီဇလိုဖြစ်နေတယ်။
မနေ့ကရွာတဲ့မိုးက ပြောတယ်
ဇဝေဇ၀ါစောင့်ဆိုင်းမှုတွေက
ပျင်းဖို့ကောင်းတယ်တဲ့...
ဒီလိုနဲ့
ငါ့နွေက ပူလာလိုက်
ငါ့မိုးက ခပ်ဖွဲဖွဲရွာလိုက်
ငါ့ဆောင်းက စိမ့်စိမ့်လေးချမ်းတယ်....
မသိရင်မှတ်ထားကြပါလား
ဘယ်တုန်းကမှ မပျင်းတတ်ခဲ့သူတစ်ယောက်
ဒီနေ့ကမ္ဘာကြီးမှာရှိတယ်....
ဒီလိုနဲ့ ငါ့ရင်ဘတ်ထဲက
ဘူတာရုံလေးက
စောင့်နေတုန်း.... စောင့်နေတုန်းပဲ...
ဒါပေမယ့်....
သူ..... ဘယ်တုန်းကမှ..... မမောတတ်ခဲ့ဘူး.....................
Subscribe to:
Post Comments (Atom)
0 comments: