မိန်းကလေး တို့ ရဲ့အချစ်

Filed under: by:

ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက်သည် ဆန့်ကျင်ဘက်တို့၏ ချစ်ခြင်းမေတ္တာကို ခံစားနိုင်ရန်မှာ အသက် (၁၄)နှစ်မှ (၁၆)နှစ်အတွင်းတွင်ဖြစ်ပါသည်။ ဆယ်ကျော်သက်မဖြစ်မီ ခံစားရသည်မှာ အမိအဘတို့၏ မေတ္တာ၊ မောင်နှမမေတ္တာ၊ နီးစပ်ရာကိုခင်တွယ်တတ်သော သံယောဇဉ်၊ လက်သာသည့်နေရာတွင် ပျော်ဝင်သည့် စိတ်တို့သာဖြစ်သည်။

အပိုင်း(၁)
အသက် (၁၆)နှစ်အရွယ် အရာအားလုံးကိုစူးစမ်းလေ့လာလိုသော အရွယ်ကလေးဖြစ်ပါသည်။ သစ်ရွက်လှုပ်ရင် မရီခဲ့သော်လည်း ဘယ်လိုအကြောင်းအရာကိုဖြစ်စေ လက်တွေစူးစမ်းလိုသောစိတ်လက်တွေ့ လေ့လာလို သောစိတ် အရာအားလုံးကိုစွမ်းဆောင်နိုင်တယ်ဟု တဇွတ်ထိုးယုံကြည်ခဲ့သော အရွယ်ဖြစ်ပါသည်။ ထိုအချိန်အခါ၌ ယောက်ျားလေးများ၏ မြှောက်ပင့်ပြောဆိုသော ချစ်ရေးဆိုမှုများ
တကောက်ကောက် လိုက်နေသော အရာများတွင် များသောအားဖြင့် အလှမာန်တက်ကာ မိုးမမြင်လေမမြင် ပျော်မြူးနေတတ်သည့်အရွယ်ပင်ဖြစ်သည်။ အချစ်ဟူသည့်အဓိပ္ပါယ် ကိုကား တစ်လုံးတစ်ပါဒ မှ သေသေချာချာ မသိသေးသောအရွယ်များသာဖြစ်ပါသည်။ စူးစူးနင့်နင့်ချစ်ခဲ့ဖူးသူများ ရှိကောင်းရှိနိုင်ပါသည်.. လေ့လာတွေ့ရှိချက် မေးမြန်းမှုများအရမူ ဆယ်ကျော်သက်အရွယ်တွင် အချစ်ဆိုသောအရာသည် တည်မြဲမှုမရှိခဲ့ပါ။ အဆိုပါအချိန်တွင် အချစ်အတွက် ရူးမိုက်သူများ၊ ပေါ့ပေါ့ပါးပါးချစ်တတ်သူများ၊ စုံလုံကန်းယုံကြည်မှုများစွာရှိနိုင်ပါသည်။ ကိုယ်ပိုင်အတွေးအခေါ် နဲပါးသူများ အမှားကိုအများဆုံး တွေ့နိုင်သော အချိန်ဖြစ်ပါသည်။ မိမိ၏ အနီးအနားတွင် ဆယ်ကျော်သက်ကလေးတစ်ယောက်ကိုဆုံးမပဲ့ပြင် ထိန်းကျောင်း ပေးလိုပါက နားလည်အောင် တဖြေးဖြေးစည်းရုံးသိမ်းသွင်းခြင်းသည်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိုအချိန်တွင် အပြိုင်ရန်ပြုဆုံးမခြင်း၊ ချုပ်ချယ်ကန့်သတ်ခြင်း ၊ တစ်ပါးသူနှင့်ခိုင်းနှိုင်း နမူနာပေးခြင်း ၊
အရှက်ကိုထိခိုက်စေမည့် အပြုအမူများလုံးဝ မလုပ်မိစေရန်လိုပါသည်။

(၁၆)နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို စစ်မှန်စွာချစ်မိသူသည် နားလည်ပေးနိုင်ခြင်း၊ ဘယ်အရာကိုမဆို ဆုံးမပဲ့ပြင်နိုင်ခြင်း၊ အလိုလိုက်နိုင်ခြင်း၊ အတိုးအလျော့တို့ဖြင့် ချစ်သွားနိုင်သူဖြစ်ရမည်။
အပိုင်း (၂)
အသက် (၁၈)နှစ်မှ (၂၁)ရောက်လာသောအခါ မိန်းကလေးများ၏စိတ်သည် အများအားဖြင့် တည်ငြိမ်မှုကို ကူးသန်းလာသော အရွယ်ပင်ဖြစ်ပါသည်။ ထိုအချိန်တွင် အရာရာသည်ချင့်ချိန်တွေးတောစိတ်များဖြစ်ပေါ်လာပြီး
အလျင်လိုမှုနည်းပါးလာသော အရွယ်ဖြစ်ပါသည်။ မိမိထံချစ်ခွင့်ပန်လာလျှင်ပင် အချစ်အကြောင်းကို တွေးခြင်းထက် ဦးနှောက်ကိုအသုံးချရန် စဉ်းစားတွေးခေါ်လာတတ်သော အရွယ်ဖြစ်ပါသည်။ မိမိ၏ အောင်မြင်မှု၊အရာရာကို သာလွန်ချင်သော ဆန္ဒတို့ပြင်းပြနေတတ်သော အရွယ်လေးများဖြစ်ပါသည်။ အဆိုပါအချိန်များတွင် များသောအားဖြင့် မိမိနှင့် ခံစားမှုတူညီသူ၊ မိမိနှင့် အသက်အရွယ်တူညီသူ၊ မိမိနှင့် ပေါင်းသင်းရန်အဆင်ပြေလိုသူများကိုလည်းရွေးချယ်တတ်သော အချိန်ဖြစ်နေခဲ့သည်။ သို့သော် တစ်ချှိုသော မိန်းကလေးများအတွက်မူ ဆန်းသစ်၍ ရုပ်ရှင်ဆန်ဆန် မိမိနှစ်သက်သော ယောက်ျားတစ်ယောက်ကို စိတ်ကူးဖြင့် ရင်ခုန်တတ်သော အရွယ်ဖြစ်ပါသည်။ ထိုသူအား အများကြီးတွေးထားတတ်ကြပြီး
မိမိခန့်မှန်းထားသူသည် ထင်သလောက်မဟုတ်တော့သော အခါ စိတ်ပျက်လက်ပျက်ဖြစ်၍ အချစ်ကို တစုံတရာဖြင့် ခိုင်းနှိုင်း ခံစားတတ်ကြသူများပါသည်။သို့သော် အမှန်တကယ်လိုက်ဖက်ညီစွာ လက်တွဲသွားသူများအတွက်မူ တစ်ဘ၀လုံး လက်တွဲသွားနိုင်သည့်အထိ ခိုင်မြဲတတ်ကြသော မိန်းကလေးအချစ်များကိုလည်း တွေ့မြင်ရပါသည်။

မိန်းကလေးများသည် ယောက်ျားတစ်ယောက်ကို ချစ်သွားနိုင်ရန် အခိုင်လုံဆုံး အကြောင်းပြချက် (၂)ခုရှိပါသည်။ မိန်းကလေးတစ်ယောက်သည် ဆန့်ကျင်ဘက်ယောက်ျားတစ်ဦးအား သနားခြင်း (သို့) အထင်ကြီးခြင်း တစ်ခုခုဖြစ်မိပါက ချစ်မိသွားနိုင်ရန် ရာခိုင်နှုန်းအများဆုံး အချက်များ ဖြစ်လာခဲ့ပါသည်။ထိုအချက်များနှင့် ပနံအသင့်ဆုံး အရွယ်မှာ (အပိုင်း - ၂)အရွယ်များပင် ဖြစ်ပါသည်။

အပိုင်း (၃)
အသက်(၂၂)မှ (၂၅)နှစ်အတွင်း မိန်းကလေးများအတွက်မူ အချစ်ကို ခံစားမှုတစ်ခုအနေဖြင့် ရှာဖွေခြင်းမရှိတော့သောအရွယ်ဖြစ်ပါသည်။ စစ်မှန်သော အချစ်ကိုမတွေ့ရှိခဲ့သူများအနေဖြင့် အချစ်သည် ပို၍ပေါ့ပါးစွာခံစားနေရတတ်သည်။အချစ်ဆိုသည်မှာ လုပ်ငန်းတစ်ခုလောက်အရေးမကြီးတော့သော အချိန်ဖြစ်ပြီး အချစ်အတွက် အချိန်ကုန်ခြင်းကိုလည်း လိုသည်ထက်ပို၍ လုပ်ချင်စိတ်မရှိတော့သော အရွယ်ဖြစ်ပါသည်။ ခံစားမှုတူညီသူများ လက်တွဲမိပါက ခိုင်မြဲနိုင်ပြီး ခံစားမှုမတူညီသူများတွေ့ရှိပါက ရေရှည်ခံနိုင်မည့်အစီစဉ်လုံးဝမရှိပါ။ အဓိက အားဖြင့် စိတ်ကူးယဉ်မှုများကို လက်တွေ့အဖြစ်ပြောင်းလဲ နေတတ်သော အရွယ်ပင်ဖြစ်ပါသည်။ လက်တွေ့ကျကျပြုလုပ်နိုင်သူများအနေဖြင့် ခိုင်မာသောချစ်ခြင်း မေတ္တာဘွဲ့တစ်ခုဖြစ်နိုင်သောလည်း လက်တွေ့နှင့်ကင်းကွာနေတတ်သူများအနေဖြင့် အရာရာတိုင်းသည် လိုအပ်နေတတ်ပါသည်။ များသောအားဖြင့် ၂၀ ကျော်အချစ်များသည် အချစ်နှင့် ဘ၀ကိုတွဲဖက်မြင်တတ်နေသူများဖြစ်ပြီး ဘ၀ကိုလက်တွေ့ရင်ဆိုင်ရန် ဆုံးဖြတ်ချက်၏ အစများဖြစ်နေတတ်သည်။ အမှန်စင်စစ်အားဖြင့် အချစ်နှင့်ဘ၀သည် ထပ်တူမကျနိုင်သော်လည်း ထပ်တူကျလိမ့်မည်ဟူသော ယုံကြည်ချက်ကို အကောင်အထည်ဖော်နေတတ်သောအရွယ်များဖြစ်ပါသည်။ ပေါ့ပေါ့ပါးပါးခံစားမှုထက် လေးနက်မှုကိုအသားပေးတတ်လာသော အရွယ်များဖြစ်ပါသည်။

အပိုင်း (၄)
အသက် (၂၅)မှ (၃၀) အတွင်းအမျိုးသမီးများသည် များသောအားဖြင့် လက်တွေ့အိမ်ထောင်သည်ဘ၀ကို ကျင့်သုံးပြီးသူများပြားပြီး အချစ်နှင့်ဘ၀မှ ဘ၀နှင့်အချစ်ကို ယှဉ်တွဲလာတတ်သော အရွယ်များဖြစ်ပါသည်။
မိမိတို့ဖန်တီးထားသော ဘ၀များအတွက် လက်တွေ့ကျကျရင်ဆိုင်နေသူများပြားပြီး များသောအားဖြင့် အချစ်ကိုမေ့လျော့နေကြသူများပြားလေ၏။ အမျိုးသမီးများ၏ အဓိကအားနည်းချက်တစ်ရပ်မှာ အိမ်ထောင်ပြုပြီးသူဖြစ်ပါက အချစ်ကိုများသောအားဖြင့် ဖွင့်ထုတ်ပြသရန် လျစ်လျူရှုမှုပင်ဖြင်ပါသည်။
အချို့မှာမူ ဘ၀အဆင်ပြေရေးကိုသာတွေးတော၍ မိမိတို့၏ အလှအပများ၊ ပျော်ရွှင်မှုများပါ ပျောက်ဆုံးနေတတ်လေ၏။ တကယ်တော့ ချစ်ခြင်းမေတ္တာသည် ချစ်သူဖြစ်နေသည့်အချိန်ထက် အိမ်ထောင်သည်ဘ၀ ဖြစ်သည့်အခါ ပိုမိုအသုံးပြုရန်လိုအပ်သော အချက်ဟု ကျွန်မမြင်မိပါသည်။
များသောအားဖြင့် ယောက်ျားနှင့် မိန်းမတွင် အလှအပကို ပိုမိုခံစားနိုင်သူများမှာ ယောက်ျားများသာဖြစ်ပါသည်။ ထိုအချက်ကိုခိုင်ခိုင်မာမာသိရှိရန်မှာ အမျိုးသမီးများနှင့် အမျိုးသားများတွင် အမျိုးသားများခံစားနိုင်ရန် အလှအပပြုပြင်သော အမျိုးသမီးများကို လေ့လာခြင်းဖြင့် လွယ်ကူစွာ သိရှိနိုင်ပါသည်။ အမျိုးသမီးများစိတ်ဝင်စားရန်မိမိကိုယ်ကိုပြုပြင်သော အမျိုးသားများမှာ မရှိမဟုတ်ရှိသော်လည်း သန့်ရှင်းမှုသက်သက်သာ ပြုလုပ်ကြခြင်းဖြစ်သောကြောင့် အမျိုးသားများ၏ အလှအပခံစားမှု သာလွန်ကြောင်း သိရပါသည်။အိမ်ထောင်မကျသေးသော အချစ်နှင့်မတွေ့ရှိသေးသော အမျိုးသမီးများအနေဖြင့် ထိုအချိန်တွင် တွေ့ရှိသော အချစ်သည် တစုံတခုကို လက်လွတ်ဆုံးရှုံးမှာ ကြောက်သည့် ဆုပ်ကိုင်မှုတစ်ခုသာသာ ဖြစ်နေတတ်ပါသည်။ များသောအားဖြင့် စစ်မှန်စွာချစ်သောအချစ်များပင်လျှင် တွေးခေါ်မှုရှိမနေတတ်ကြပါ။ တွေးခေါ်မှုဖြင့်ရယူထားသော ချစ်ခြင်းမေတ္တာတွင်လည်း အချစ်ထက် ဦးနှောက်သက်သက်သာ များနေတတ်ပါသည်။ ထို့ကြောင့် မိမိငယ်ချစ် (သို့)ရည်ရွယ်ထားသူမှလွဲ၍ ထိုအချိန်မှတွေ့မြင်ချစ်ကြိုက်သော အချစ်များတွင် စစ်မှန်မှု နည်းပါးနေတတ်ပါသည်။

အပိုင်း (၅)
အသက် (၃၀)ကျော်လွန်သောအရွယ်ပင်ဖြစ်ပါသည်။ အချစ်ကို စိတ်ကူးဖြင့်ပုံဖော်သူများသာ လျှင်ဖြစ်သည်။ ဘယ်အရာကိုမှဂရုမစိုက်၍ မိမိကိုယ်ကိုကိုယ်သာကြည့်တတ်သူများအဖို့ သဘောမျှသူနှင့်တွေ့သော အခါ အချစ်ဖြစ်ပေါ်နိုင်သော်လည်း ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းသူ၊ အရှက်တရားဟူသည့်အရာကို လွဲမှားစွာ ပုံဖော်နေတတ်သူ၊ အရာရာကိုအဆိုးမြင်တတ်သူ၊ လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်တတ်သူ၊ တွေဝေနေတတ်သူများအဖို့ အချစ်နှင့်တွေ့ရှိရန် လုံးဝမဖြစ်နိုင်တော့သော အချိန်အခါဖြစ်ပါသည်။
များသောအားဖြင့် (၃၀)ကျော်အရွယ်များသည် အချစ်ကို စိတ်ကူးထဲတွင်သာပုံဖော်နေသူ သက်သက်များဖြစ်ပါသည်။

အပိုင်း(၆)


အသက်(၄၀)ကျော်အရွယ်များမှာ ၃၀ ကျော်အတွေးနှင့် (၁၆)နှစ်အတွေးများကို ဆန့်ကျင်ဘက်ရယူထားသော အရွယ်များဖြစ်ပါသည်။ မလုပ်ရင်မလုပ် လုပ်ရင်ရူးရူးမိုက်မိုက်ဖြင့် တဇွတ်ထိုးစိတ်များ ပေါ်ပေါ်ထင်ထင်ဖြစ်လာတတ်သောအရွယ်ဖြစ်ပါသည်။ အရာရာကိုတည်ငြိမ်ရင့်ကျက်ပါကလည်း တရားလွန်ဖြစ်တတ်ပြီး ဆန့်ကျင်ဘက်အရာများထူးကဲစွာခံစားတတ်ရသော အရွယ်ဖြစ်ပါသည်။ အပျိုကြီးများအနေဖြင့် ဒေါသကြီးနေတတ်ပြီး အိမ်ထောင်သည်များအနေဖြင့်မူ အချစ်နှင့် ဘ၀ တစ်သားတည်းကျတတ်သော မှန်ကန်တည့်မတ်သည့် အရွယ်ဖြစ်သည်။ မိခင်စိတ်ကို ကျကျနန ခံစားတတ်သောအရွယ်ဖြစ်ပြီး အရာရာကို အေးဆေးတည်ငြိမ်စွာဆုံးဖြတ်နိုင်သော အိမ်ရှင်မတို့၏ အင်းအားပြည့်ဝသော အရွယ်မှန်တစ်ခုဖြစ်သည်။အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် ခင်ပွန်းသည်၏ အမှတ်အပြည့်အ၀ပေးခြင်းခံရနိုင်သည့် အရွယ်ဖြစ်ပါသည်။ အိမ်ထောင်မရှိသူ၊ အချစ်နှင့်မတွေ့ရှိသူ၊ အချစ်ကိုစတင်တွေ့ရှိသူများအနေဖြင့်မူ ဆန့်ကျင်ဘက်စိတ်များ ဖြင့် ကူးလူးဆက်သွယ်ရမည့် အရွယ်ဖြစ်ပါသည်။

မိန်းကလေးတို့၏ အချစ်

ယောက်ျားလေးများ၏ အချစ်သည် (၁၀၀)မှ စတင်၍ မိန်းကလေးများ၏အချစ်သည် (၀)မှ စတင်သည်ဟု ကြားခဲ့ဖူးပါသည်။ အမှန်စင်စစ်လေ့လာတွေ့ရှိချက်အရ ၉၀% မှာ မှန်ကန်မှုရှိကြောင်းတွေ့မြင်ရသည်။
ယောက်ျားလေးများ၏ အချစ်သည် (၁၀၀)မှစတင်သောကြောင့် မြင်မြင်ချင်း ချစ်ခင်မြတ်နိုးတတ် သူများဖြစ်သည်။ အချစ်ကိုစတင်တွေ့ရာ၌ အရာအားလုံးကိုမေ့လျော့တတ်ကြပြီး သူတစ်ဦးတည်းသည်သာ တစ်ဘ၀ဟု ထင်မြင်တတ်ကြသည်။ အချစ်ကို လက်ခံရရှိပြီးသောအခါ အနုတ်လက္ခဏာဖြင့် လျော့ကျလာတတ်သော သဘောရှိတတ်သည်။အလိုရှိသော မိန်းကလေး၏ အချစ်ကိုရပြီးသောအခါ စိတ်သည် ပုံမှန်ပြန်လည်ဖြစ်သွားတတ်ပြီး အရာအားလုံးနှင့် အချစ်သည် ပုံသဏ္ဍာန်တစ်ခုတည်းသာ လျှင်ဖြစ်တော့သည်။

မိန်းကလေးများမှာ သုညအချစ်မှစတင်သောကြောင့် လွယ်ကူစွာချစ်မြတ်နိုးနိုင်ရန် ခဲယဉ်းပြီး အမှန်တကယ်ချစ်မြတ်နိုးပါကလည်း ယောက်ျားလေးများထက် ပိုမိုသာလျှင်စွာချစ်တတ်ကြသူများဖြစ်သည်။ အချစ်အတွက် ရူးရူးမိုက်မိုက်စွန့်စားရန် ဆနရှိတတ်ကြပြီး ယောက်ျားလေးများထက် ပိုမိုသတ္တိရှိ တတ်သူများဖြစ်သည်။အချစ်ကို မလက်ခံမည်အချိန်၌ သုညသာဖြစ်နေသောမိန်းကလေးများသည် အချစ်ကိုလက်ခံပြီးသောအခါ အပေါင်းလက္ခဏာဖြင့် တိုးမြှင့်လာတတ်သောကြောင့် မိန်းကလေးများသည် ချစ်မိပြီဆိုပါက ချစ်သူသည် အရာရာထက် ပိုအရေးကြီးနေတတ်သူများဖြစ်ပါသည်။ ချစ်သူ၂ဦး၏ အချစ်ရာနှုန်း (၅၀)ကွက်တိကျနေတတ်သောအခါ မိုးမမြင်လေမမြင်ချစ်နေတတ်သော သဘောကိုတွေ့မြင်ရတတ်သည်။
အဆိုပါအရာအားလုံးတို့သည် မှန်ကန်သည့်သဘောတော့ မရှိတတ်ပါ။ တခါတရံတွင်တော့ ပြောင်းပြန် သဘောပြောင်းလဲမှုများကို တွေ့မြင်ရတတ်ပြီး ကမောကိကမနိုင်မှုများလည်း ရှိတတ်သည်။
နားလည်မှုဖြင့် တည်ဆောက်ထားသော ချစ်သူများအတွက် (50/50)သည် အချိန်ကြာမြင့်နေတတ်ပြီး ချစ်ခြင်းနှင့် အိမ်ထောင်ရေးတွင် ၂ဦးစလုံး၏ နားလည်မှုနှင့် အတွေးအခေါ်ရင့်ကျက်ပါက သေတပန်သက်တဆုံး (50/50) ဖြစ်နေတတ်ပါသည်။

*************************************************
ကျွန်မ၏ ကိုယ်တိုင်ရေး ကိုယ်ပိုင်အတွေးသာလျှင်ဖြစ်ပါသည်။ မမှန်ကန်မှုများ ဖြစ်နိုင်ပါသည်။ စိတ်ကူးသက်သက်ရေးသားထားသောကြောင့် အမှားပါလျှင် ခွင့်လွှတ်ပေးပါရန်။

0 comments: