၁)
ကောင်းကင်တွေကြွေကြွေကျတဲ့နေ့က
ငှက်တစ်ကောင် တောင်ပံတစ်ဖက်ကျိုးသွားတယ်။
သူ .. မပျံသန်းဘူး
သူ.. အဝေးတစ်နေရာ ရောက်သွားတယ်။
၂)
စံပယ်တွေ အတုန်းအရုန်းပွင့်ဖူးတဲ့နေ့က
ငှက်တစ်ကောင် နှုတ်ချိုးခံခဲ့ရတယ်။
သူ .. မဆာလောင်ပါဘူး
သူ .. ရနံ့တစ်ခုတော့ ရခဲ့တယ်။
၃)
ကြယ်တာရာတွေ အလင်းပြိုင်တဲ့နေ့က
ငှက်တစ်ကောင် မျက်လုံးတစ်စုံကန်းသွားတယ်။
သူ .. မမြင်ခဲ့ရပါဘူး
သူ .. ဆုတောင်းတစ်ခုတော့ပြုခဲ့တယ်။
၎)
ရထားအစင်းပေါင်းများစွာ ဖြတ်သန်းသွားတဲ့နေ့က
ငှက်တစ်ကောင် သေဆုံးသွားတယ်။
သူ .. ဘယ်ခရီးမှမရောက်ခဲ့ဘူး
သူ .. နေရာအသစ်တစ်ခုတော့ ရခဲ့တယ်။
၅)
ကမ္ဘာမြေပြင်အနှံ့
ငှက်တွေပျော်မြူးနေတဲ့နေ့က
ငှက်တစ်ကောင် ပျောက်ဆုံးနေခဲ့တယ်။
သူ .. ပျံသန်းခွင့်မရခဲ့ဘူး
သူ .. ဘ၀သစ်တစ်ခုတော့ ရခဲ့တယ်။
Subscribe to:
Post Comments (Atom)
0 comments: