အနွေးဓါတ်

Filed under: by:

အဆိုးတွေကြုံတိုင်း
အနားမှာ နင်ရှိနေတယ်လို့
တဖွဖွတွေး....
ငါ့မှာ
ဒုက္ခဆိုတာ မရှိခဲ့ဘူး...

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ အပြုံးတွေနဲ့ မျက်ရည်တွေအကြိမ်ကြိမ်သုတ်တယ်.. တကယ်တော့ နာကျင်ခြင်းဆိုတာ ငါ့တစ်ယောက်တည်းကိုမှ အလည်လာတဲ့သူမဟုတ်ဘူးနော်... ကိုကိုလို့ ကျွန်မ မြတ်မြတ်နိုးနိုးခေါ်တဲ့ ချစ်သူကို စေ့စေ့ကြည့်တယ်... မငိုချင်ဘူး ... ပီးတော့ မငိုချင်တော့ဘူး... ဒီလိုနာကျင်ခြင်းဆိုတာ ကျွန်မတစ်ယောက်တည်းမှာမှ မဟုတ်ပါဘူးလို့ သူအကြိမ်ကြိမ်ပြောတယ်... မျက်ရည်ကျတာကို သဘောမကျဘူး... လူတိုင်းလုပ်တတ်တဲ့ အလုပ်ကို မလုပ်စမ်းပါနဲ့တဲ့... ပြုံးပြပါဆိုတဲ့ သူ့စကားတစ်ခွန်းနောက်မှာ ကျွန်မ အပြုံးတွေကိုမွေးဖွားတယ်.. အဆိုးဆိုတဲ့ အရာတွေကြုံတိုင်း အနားမှာ သူရှိတယ်ဆိုတဲ့ အသိလေးထည့်ပေးပါတဲ့.. ဒါဆို ဒုက္ခဆိုတဲ့ အရာတွေမရှိတော့ဘူးတဲ့... ဒီလိုနဲ့ ကျွန်မ ပြုံးတတ်လာခဲ့တယ်... အခုတော့ အမြဲပြုံးတတ်နေတဲ့ ကောင်မလေးဟာ ကျွန်မဖြစ်လို့နေတယ်...

ချမ်းစိမ့်အေးမြ
ရာသီက တစ်ခုခုကိုတော့
အကဲပိုလွန်းတယ်..
လွမ်းစရာရှိလို့ လွမ်းရတာ
ဘယ်သူ့ကိုမှတော့ အပစ်မတင်ခဲ့ဘူး..
ဒါပေမယ့် ..
နင့်အကြောင်းတွေးရုံနဲ့
ငါ နွေးတတ်ခဲ့တယ်...

ဆောင်းလေပါလို့ ပြောနေရက်နဲ့ ငါက စိမ့်စိမ့်လေးချမ်းတယ်လို့ အမှတ်မထင်ပြောလိုက်မိသေးတယ်.. ဟိုးအဝေးမှာ ကြွေတဲ့သစ်ရွက်က ဒီဇင်ဘာမို့လို့ အ၀ါရောင်းသန်းတာပါတဲ့... တော်တော်အေးပေမယ့် နေလို့ကောင်းတယ်လို့တော့ သူ့မျက်နှာကိုမော့ကြည့်ပီး တိုးတိုးလေးငြီးမိသေးတယ်... အေးတာကိုနှစ်သက်တယ်မလားလို့ မေးတော့.. ရုတ်တရက် ခေါင်းငြိမ့်မိသေးတယ်... အေးတာကို ကြိုက်ပေမယ့် မအေးချင်ဘူးလို့ ကလေးတစ်ယောက်လိုပြောတော့... မအေးချင်ရင် နွေးအောင်လုပ်ပေးမှာပေါ့တဲ့... တကယ်တော့ သူမသိဘူး... ဘယ်လောက်ပဲအေးတဲ့ ရာသီတစ်ခုဖြစ်ဖြစ် သူ့အကြောင်းတွေးလိုက်ရုံနဲ့ အလိုလိုနွေးထွေးလာတယ်ဆိုတာကို သူသိအောင် ကျွန်မ မပြောဖြစ်ခဲ့ဘူး... မှတ်မှတ်ရရ အဲဒီ့နေ့ကပေါ့ သူကမ်းလာ တဲ့ လက်ကလေးလေးကို ကျွန်မ ပြန်ဆုပ်လိုက်မိတယ်... တကယ်တော့ ကျွန်မတို့နှစ်ယောက်ကြားမှာလေပြေလေးတောင် မနှောင့်ယှက်နိုင်ဘူးဆိုတာကိုပေါ့...

တစ်နေ့နေ့တော့
အချစ်ဆိုတာကို
အချိန်က သက်သေပြလိမ့်မယ်တဲ့
ခဲလည်းမမှန်ဘူးပဲနဲ့
ကျွန်မကကြောက်တယ်..
အချစ်ဆိုတာကို စသိကတည်းက
ခွဲခွာခြင်းဆိုတာကို
မသင်ရပဲ အလွတ်ရနေခဲ့တယ်...

ရုတ်တရက်နိုးထလာတဲ့ မနက်ခင်းတစ်ခုမှာ ကျွန်မချွေးပြိုက်ပြိုက်ကျတယ်... ကျွန်မလက်တစ်ဖက်ကို ပုတ်ချခဲ့တဲ့အဖြစ်က အိမ်မက်တဲ့လား... လေးဖြူရဲ့ အလဲအကွဲသီချင်းကိုကြိုက်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျွန်မ အိမ်မက်ဆိုးတွေ မက်တတ်နေတယ်ဆိုတာ သူသိဖို့ကောင်းပါရဲ့... အချစ်တွေကို အချိန်နဲ့သက်သေပြပါမယ်ဆိုတဲ့စကားတစ်ခွန်းကို မယုံကြည်လို့မဟုတ်ဘူး... ဒါပေမယ့် ကျွန်မအတွက် အချစ်ကို စသိချိန်ကတည်းက ခွဲခွာခြင်းဆိုတာ မသင်ရပဲ အလွတ်ရနေခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေခဲ့တယ်.. ဒီလိုနဲ့ပေါ့ ကျွန်မက ခဲမမှန်ဖူးပဲနဲ့ အလိုလိုကြောက်တယ်... အိမ်မက်ဆိုးကနိုးတော့ အပြုံးကိုမွေးဖွားဖို့ ချစ်သူကိုသတိတရနဲ့ လွမ်းမိတယ်.. ကျွန်မ အမြဲပြုံူးနေမယ်နော်....

အရာအားလုံးသေဆုံး
အချစ်ကတော့
ရင့်သထက်ရင့်တယ်
ကျွန်မရဲ့ ရှင်သန်ခြင်းက
ကိုကိုလို့ခေါ်တဲ့ ချစ်သူဖြစ်နေခဲ့ပြီး
ကျွန်မရဲ့ အနာဂတ်က
ကိုကို့ရဲ့ လက်တစ်ဖက်ဖြစ်ခဲ့တယ်..

ကျွန်မအရှေ့မှာပဲ... အရာဝတ္တုတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲပျက်စီး... အရာအားလုံးရဲ့ မတည်မြဲခြင်းကိုတွေ့မြင်နေရက်နဲ့ ကျွန်မအချစ်တွေက ရင့်သထက်ရင့်တယ်.. ဘ၀ရဲ့ ရှင်သန်ခြင်းက ရှားရှားပါးပါးချစ်ခဲ့မိတဲ့ ချစ်သူဖြစ်နေခဲ့ပီး ဘ၀ရဲ့ အနာဂတ်က ချစ်သူရဲ့ လက်တစ်ဖက်ဖြစ်နေခဲ့တယ်.. ဒါဟာ ပုံပြင်မဟုတ်ဘူး... Story တစ်ပုဒ်မဟုတ်ဘူး... အချစ်ဆောင်းပါးတစ်ပုဒ်မဟုတ်ခဲ့ဘူး.. အရာအားလုံးကို သက်သေပြစရာ လက်နှစ်ဖက်နဲ့ နှလုံးသားတစ်စုံရှိတယ်... သေဆုံးတဲ့ထိ အနားမှာရှိနေခွင့်ပေးပါဆိုတဲ့ စကားတစ်ခွန်းကိုဖွဖွရွတ်တယ်... ကျွန်မရဲ့ အချစ်တွေက မိုက်ရူးရဲဆန်ကောင်းဆန်ပါလိမ့်မယ်... ဒါပေမယ့် သူရဲကောင်းဘွဲ့တစ်ခုကြောင့်မဟုတ်ဘူး... သိပ်အရူးထတယ်ဆိုတဲ့စကားတစ်ခွန်းအတွက်မဟုတ်ဘူး... နှလုံးသားရဲ့ တောင့်တချက်တစ်ခုကြောင့် ကျွန်မစကားတစ်ခွန်းပြောခဲ့တယ်...

0 comments: