ညကသူ့အလုပ်သူလုပ်ပြီးမှောင်လာသည်။ မှောင်ရိပ်ပိုသည်းလာသလို ကျွန်မစိတ်တွေက ချောက်ခြားလာသည်။ ဒီလိုမိုးသည်းသည်းနဲ့ ရွာသွန်းတဲ့နေ့တိုင်း တစုံတယောက်ကို စောင့်မျှော်မိသလို တစုံတယောက်ကလည်း ရောက်လာတတ်သည်။ ဒီလိုည ဒီလိုအချိန်ပါပဲ...
မိုးကဖွဲဖွဲကျလာသည်။ ကျွန်မစိတ်တစ်ချို့ လွင့်ပြယ်သွားသည်။ ဒါဆို ကျွန်မမျှော်လင့်နေရုံသက်သက်ပဲထင်ပါတယ်။ သူ ဒီနေ့လည်းရောက်မလာနိုင်ဘူးထင်ပါရဲ့။ မိုးရေသံထဲမှာ ခြေသံတစ်စုံ ကိုကြားနေရသလိုပဲ။ သူ ကျွန်မဆီလာနေပြီထင်ပါရဲ့။ သူကျွန်မဆီလာမှာပါ။ သေချာနိုင်ပါရဲ့နော်... ဒီလိုနဲ့ ကျွန်မညတွေ ခမ်းခြောက်ခဲ့ပေါင်းများလှပါပြီ။ တစ်နေ့တစ်နေ့ ရက်တွေက ရွေ့ပြောင်းလာတယ်။ ရက်တွေရဲ့ပြောင်းလဲမှုကို ရာသီတစ်ခုက အသိအမှတ်ပြုတယ်။ ကျွန်မကတော့ ၀ဋ်ကြွေးတစ်ခုဆပ်သလို သူ့ကိုစောင့်တယ်။
တဆိတ်ဆိတ်နဲ့ မိုးညက ပိုပိုသည်းလာတယ်။ တရိပ်ရိပ်တိုးလာတဲ့ အမှောင်တွေကြားမှာ စိုးထိတ်ချောက်ခြား မျှော်လင့်နေရတဲ့ ကောင်မလေးဟာ တိတ်တိတ်လေးငိုကြွေးတယ်။ မကြာခင်မှာ ရောင်နီတစ်ခုသန်းတော့မယ်။ ညတစ်ညကုန်ဆုံးတော့မယ်။ မရောက်ချင်တဲ့ မနက်တွေရောက်လာဦးမယ်။ ဒီလိုနဲ့ နေ့သစ်တစ်ခုပြောင်းမယ်။ ကျွန်မကတော့ သူ့ကိုစောင့်နေရဦးပါမယ်။
ညတွေမှာပေါ့... ပြတင်းပေါက်တစ်စုံနဲ့ မျက်ဝန်းတစ်စုံထိပ်တိုက်တွေ့တယ်။ ပြတင်းပေါက်က ဘယ်သူမှရောက်မလာကြောင်း ဟာလာဟင်းလင်းမှန်တချပ်နဲ့ သက်သေပြုတယ်။ ကျွန်မကတော့ ခပ်မှိန်မှိန် မျှော်လင့်ချက်တစ်စုံနဲ့ မှန်လေးကိုကြည့်နေတယ်။ နွေ၊မိုး၊ဆောင်း တစ်ခုပြီးတစ်ခုပြောင်းသွားတယ်။ မပြောင်းနိုင်တာက မျက်ဝန်းတစ်စုံပဲဖြစ်တယ်။
တိတ်ဆိတ်နေတဲ့ ညဥ့်နက်နက်မှာ တံခါးခေါက်သံခပ်တိုးတိုးကို မျှော်လင့်တယ်။ ခပ်ပြင်းပြင်း နဲ့ ခပ်တောင့်တောင့် လျှောက်တတ်တဲ့ခြေလှမ်းတစ်စုံကို တောင့်တတယ်။ ရိုးသားတဲ့မျက်နှာလေးတစ်စုံပေါ့။ သူဟာ ဘယ်အချိန်တွေးတွေး အပစ်ကင်းနေတယ်။ ကျွန်မမှာ သူ့အတွက်မဆုံးနိုင်တဲ့ ချစ်ခြင်းတွေရှိတယ်။ ဘယ်သူ့ကိုမှ မပေးနိုင်တဲ့အချစ်တွေရှိတယ်။ ဒါပေမယ့် သူဟာကျွန်မအချစ်ကို ဘယ်တော့မှ သိမြင်ခွင့်မရှိတော့သောသူလည်း ဖြစ်တယ်။ သူ့ကိုပေးတဲ့အချစ်လောက် ဖြူတဲ့အရောင်လည်း ကမ္ဘာမှာမပေါ်ထွန်းသေးဘူးဖြစ်တယ်။
သူနဲ့တူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေတိုင်းမှာ ကျွန်မမျက်ရည်တွေခင်းထားတယ်။ သူကြိုက်ခဲ့တဲ့ သီချင်းသံစဉ်တွေတိုင်းမှာ ကျွန်မအလွမ်းတွေ ခင်းထားတယ်။ သူစားခဲ့ဖူးတဲ့ အစားအစာတိုင်းဟာ ကျွန်မမြတ်နိုးခြင်းတွေ ပြန့်ဖြူးထားပြီး ကျွန်မရဲ့ ညတွေတိုင်းမှာ စောင့်မျှော်ခြင်းတွေနဲ့ ကြိုဆိုထားခဲ့ပါတယ်။ သူ တစ်နေ့နေ့တော့ ကျွန်မဆီရောက်လာမယ်လို့ ယုံကြည်ထားတယ်။ သူရယ် ကျွန်မရယ် ကျွန်မတို့မက်တဲ့ အိမ်မက်တွေရယ် တနေ့နေ့တော့ ပြန်ပေါင်းစည်းခွင့်ရမယ်။ ဒီလိုနဲ့ ကျွန်မနေ့ရက်တွေကို ဆက်တယ်။
ဒီလိုနဲ့ ဒီလိုနဲ့ ရက်တွေရက်တွေ ကြွေကြွေကျလာတယ်။ သူကတော့ ဘယ်တော့မှရောက်မလာခဲ့ပါဘူး။ ကျွန်မမနက်တွေသာ သစ်သစ်လာတယ်။ ကျွန်မညတွေလည်း နက်သထက်နက်လာတယ်။ ကျွန်မစောင့်မျှော်နေတဲ့ ကောင်ကလေးကတော့ ပေါ်မလာတော့ပါဘူး။ သူပျောက်ဆုံးခဲ့ချိန်ထဲက ယနေ့ထိ ယုံကြည်လို့မရတဲ့ စိတ်ရယ်။ မယုံကြည်ပါပဲ ယုံနေရတဲ့စိတ်ရယ် ဒွန်တွဲနေတယ်။ ယိုင်လဲသွားရမယ့် မယုံကြည်ချင်းတွေ မြှင့်တက်လာတဲ့အခါ ကျွန်မရဲ့ အနာဂတ်တွေ ပျောက်ရှကုန်တယ်။ ယခင်ကမက်ခဲ့ဖူးတဲ့ အိမ်မက်ဟာ အိမ်မက်တွေအဖြစ်နဲ့ပဲ ရှင်သန်လာတယ်။ အရင်က ထင်ရှားတောက်ပခဲ့တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေမှာ တဖြည်းဖြည်း မှေးမှိန်လာတယ်။ ကျွန်မဟာ ဘာဆိုဘာမှအလင်းရောင်မပေးနိုင်တဲ့ ကြယ်တစ်ပွင့်ဖြစ်တယ်။ဘယ်နေရာကိုမှ ပျံသန်းဖို့ အားမယူနိုင်တော့တဲ့ ငှက်တကောင်ဖြစ်တယ်။
ဘ၀ဆိုတာဘာလဲ။
တကယ်တော့ ဘာကိုမှမပိုင်ဆိုင်တာ ဘ၀ပါပဲ။
ဘာကိုပိုင်ဆိုင်ချင်သေးတာလဲတဲ့။
အရာအားလုံးကို ပိုင်ဆိုင်ချင်တာ လူပဲလေ။
ဒါဆိုဘာလုပ်သင့်သလဲတဲ့။
လူဖြစ်တဲ့ ဘ၀မှာ ဘာကိုမှမပိုင်ဆိုင်အောင် လုပ်သင့်တာပေါ့။
****************************************************************************
စာဖတ်သူများချမ်းမြေ့ပါစေ။
(ချစ်သောမောင်လေးအတွက် အမှတ်တရလေးပါ)
ကသစ်နွယ်
Subscribe to:
Post Comments (Atom)
0 comments: