လိုတရ

Filed under: by:

၁)
မနေ့က
နှလုံးသားတစ်နေရာမှာ
တိမ်တွေပြိုပြီး
မိုးတွေ ငိုခဲ့သလား
၂)
တစ်ရက်လေး မတွေ့ကြရုံနဲ့
မင်းပြောသလို
ငါ့မှာ မဖြစ်ခဲ့တာတော့ သေချာပါရဲ့

၃)
ဒါပေမယ့် .... ချစ်သူ
ဒီနေ့လည်း မနီးခဲ့သလို
နေ့ပေါင်းများစွာ
ဝေးရမယ် ဆိုတာလည်း သိနေခဲ့တယ်
၎)
ခြေလှမ်းတွေ လှမ်းသွားတိုင်း
သစ်ရွက်တွေ အများကြီး ကြွေလွင့်ခဲ့ဖူးသလို
ပန်းတွေလည်းအများကြီး ပွင့်လန်းခဲ့ဖူးမှာပေါ့
၅)
ဘ၀ဟာ....
လိုတိုင်းမရနိုင်သလို
ရတိုင်းမလိုနိုင်ပါဘူး..
၆)
အရာအားလုံးကိုသွင်းထုလို့ ရချင်ရမှာပေါ့
ဘ၀ဟာ ပန်းပုရုပ်ဖြစ်ခဲ့ရင်လေ
၇)
ငါ့မှာ....
တစ်ချိန်တစ်ခါက
အရာအားလုံး ဖန်တီးနိုင်ဖို့...
အိမ်မက်လှလှတွေ ဖန်မီးအိမ်တွေ
အလုံအလောက် ရရှိခဲ့ဖူးတယ်
၈)
ဒီနေ့တော့ သိလိုက်တယ်
လောကကြီးက
ပန်းပုဆရာတစ်ယောက်မဟုတ်သလို
ပုံပြင်ပြောတတ်သူတစ်ယောက်လည်း မဟုတ်ခဲ့ဘူး
၉)
ဘာမှမဟုတ်တဲ့... ငါ့အတွက်
သေချာတာ တစ်ခုရှိခဲ့တယ်
ချစ်သူ.... သိရင်သိနိုင်သလို
မသိရင်လည်း မသိနိုင်သူတစ်ယောက်
ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့
၁၀)
ဒီနေ့မဟုတ်တဲ့ တစ်ချိန်ချိန်မှာပေါ့
ငါဟာ.... မင်းအနားမရှိခဲ့ရင်
မင်းဟာ... ငါ့အနားမရှိခဲ့ရင်....
အသိတွေ.... သတိတွေနဲ့
တည်ဆောင်ဖို့ ငါသတိပေးပါရစေ.....
ဘ၀ဆိုတာ
လိုတရမဟုတ်ဘူးလေ။

0 comments: