သူမရှိတော့သောအခါ....

Filed under: by:

ခါးသီးစိတ်တေလေ
ဖြစ်ပြီးပျက် ပျက်ပြီးဖြစ်
တစ်ချိန်ကထားခဲ့ဖူးတဲ့
မျှော်လင့်ချက်မနက်စာတွေ
ပျက်စီးပျောက်ဆုံး
မြူမှုန်မဟုတ်တဲ့ လူငယ်လေးဟာ
မျက်စိတစ်မှိတ်တွင်း
သေမင်းရှေ့မှာ ဒူးထောက်
ဘ၀ဟာ... ပေါ့ပေါ့လေးနဲ့
လွင့်နေခဲ့...

ခံစားချက်စစ်စစ်တွေပါလို့
သူတောင်းစား ခွက်စွဲတဲ့ကိစ္စ
ငါ့မှာ သရုပ်ဆောင်ပညာမတတ်ခဲ့ဘူး
အချိန်ဆိုတာ
ဆရာဝန် တစ်ယောက်မဟုတ်သလို
ကုရာနတ္တိ ငါ့စိတ်တွေ
ဦးနှောက်က ခံစားတာလား
နှလုံးသားက ခံစားတာလား
သွားစမ်းပါကွာ
ခန္ဓာတစ်ခုလုံးမှာ
စုတ်ပြတ်သတ်နေတဲ့
အမာရွတ်တွေ
လမ်းလျှောက်ရင်း
ပျောက်ပျောက်ကျသွားခဲ့တဲ့
အတိတ်အပိုင်းအစတွေ
ကုန်းကောက်ဖို့
ခါးချိုးဖို့ လိုနေသလား
သောက်လိုက်တိုင်း
ပူပြင်းလောင်ရှ
အဆိပ်တစ်ခွက်လည်း မဟုတ်ခဲ့
တော်ပါပြီ... ဘာကိုမှလည်း
မဆန်းစစ်ပါရစေနဲ့
ဒါဟာ
အနိစ္စလို့ပဲ ပြောပြော
ဒုက္ခလို့ပဲ ပြောပြော
အနတ္တလို့ပဲ ပြောပြော
စကားလုံးတွေ... နှုတ်ခမ်းတွေထဲက
ခပ်ပေါ့ပေါ့လေး လွင့်နေခဲ့ကြ
ငါ့မှာ ကြေကွဲပြစရာ
ရီမောပြစရာ
နှစ်သိမ့်ပြစရာ
ပျော်ရွှင်ပြစရာ
ငိုကြွေးပြစရာ
အရာအားလုံး ပျောက်ရှနေခဲ့တယ်
သူနဲ့ပတ်သက်လာတိုင်း
ဘ၀ကို... တစ်ခါတစ်ခါ
လှည့်မကြည့်ချင်လောက်အောင်
ရွံတယ်..

0 comments: