အက်ကွဲမှု အပိုင်းအစများ

Filed under: by:

တစ်ခါက
မောင်လေးတာဝန်ကျတဲ့နေရာတစ်ခုကို
လိုက်သွားခဲ့တယ်.....
စိုင်းစိုင်မော် ဆိုတဲ့သီချင်းထဲက တောင်ပြာတန်းဆိုတာ စစ်သားတွေနဲ့ အမှန်တကယ်သက်ဆိုင်မှန်း မသိခဲ့ပါဘူး.... ကိုယ်တိုင်နေတဲ့နေရာက မြို့လည်ခေါင်ကြီးမှာ.... တိုက်တွေ၊ ကားတွေ၊ shopping mall ကြီးတွေ... ရုပ်ရှင်ရုံကြီးတွေ ... ပြောရရင်မဆုံးတော့ ပါဘူးလေ... ရန်ကုန်ရဲ့အလှဆိုတာ စာချရေးလို့မှ မကုန်နိုင်တာကိုး....
မောင်လေးအသက်က (၂၀)နှစ်
ပညာဆိုတာလည်း ကိုယ့်ထက်သူက ပိုတတ်တယ်
ယောက်ျားတို့တတ်အပ်တဲ့ ပညာတွေအကုန်သင်ပေးတဲ့ ကျောင်းကြီးမှာ ၃ နှစ်တတ်ခဲ့တာကိုး...
သားတို့သင်ရတဲ့ ပညာတွေက ရုပ်ရှင်ထဲကထက် အဆတစ်ရာပိုပါတယ် မမရယ်တဲ့....
ကျွန်မက အပိုတွေလို့ ပေါ့ပေါ့လေးပြောပြခဲ့ပါတယ်....

လမ်းတလျှောက် သည်းထိတ်ရင်ဖိုဇာတ်လမ်းထက် ပြကွက်တွေကပိုလှတယ်... ပတ်ပတ်လည်နေတဲ့ကားလမ်းကွေ့တွေကို ဘယ်နှစ်ကွေ့ငါဖြတ်ကျော်ပြီးပြီလဲလို့ မရေတွက်နိုင်အောင်ပါပဲ..... တောင်တွေက ပတ်ပတ်လည်မှာ လက်ညိုးထိုးမလွဲတောင်တွေကြားကို ဖြတ်သန်းခဲ့တယ်.... သဘာဝအလှလို့ ပြောလို့ရပေမယ့် သဘာဝက ခေါ်သွားရင်လည်း လှလှလေးမသေနိုင်တာကို တွေးမိတော့ ကျွန်မကျောချမ်းသွား မိပါတယ်... စိတ်ထဲမှာ အသက် ၂၀ အရွယ်ကောင်လေးတစ်ယောက်က ဒီလောက်ခေါင်ပါးတဲ့ နေရာမှာအလုပ်လာလုပ်ရတယ်လို့ တွေးမိပြီး ကျွန်မမောင်လေးအတွက် စိတ်မကောင်းဖြစ်မိပါတယ်.. ကိုယ်တွေအသက် ၂၀ ဆိုရင် အမေ့ရင်ခွင်ထဲဝင်ပြီး ချွဲနေတုန်းကိုး...... သူ့မှာတော့ မိဘနဲ့လည်း ခွဲနေရသေး....

သားအခု လားရှိုးရောက်ပြီ မမ...။

သင်တန်းနှစ်ပတ်တက်ပြီးရင် ...

ရှေ့တန်းသွားရမလား မသိဘူးတဲ့....

ဒါဟာအမ တစ်ယောက်ကို စိတ်မပူအောင်ဖြေသိမ့်ပေးခဲ့တဲ့ နောက်ဆုံးစကားမှန်း မသိခဲ့ပါဘူး.... ဒီအချိန်မှာ ဟုတ်ပါ့မလားမောင်လေးရယ်.... တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရနေတာ ... နင်တို့ကဘယ်နေရာသွားတိုက်မှာ တုန်းလို့ စခဲ့ပါသေးတယ်....

လားရှိုးမြို့မှ ကြိုဆိုပါ၏.....

အော်... လားရှိုးမြို့ရောက်ပြီဆိုတော့ မောင်လေးတို့နေရာနဲ့ မဝေးတော့ဘူးပေါ့... ဆိုပြီး ကားပေါ်ကဆင်းဆင်းခြင်း ကားတစ်စီးငှားလိုက်ပါတယ်... ကျွန်မ သိန္နီ မြို့ကိုသွားချင်လို့ပါရှင်... နှစ်သောင်းခွဲပါ... အင်း ကျွန်မတက်ပြီးလိုက်သွားလိုက်ပါတယ်.... လားရှိုးနဲ့ သိပ်မဝေးဘူးဆိုတဲ့ မြို့ကို တစ်နာရီခွဲလောက် ကားစီးရပါတယ်...။

သူတို့မြို့လေးရောက်တော့ သဘာဝကျတဲ့ရှမ်းတိုင်းရင်းသားတွေကို တွေ့ရပါတယ်... သူတို့ရဲ့ တပ်လေးကမိသားစု တွေကလည်း နွေးထွေးစွာကြိုဆိုခဲ့ကြ... ကျွန်မမှာသာ ဆို့နင့်စရာအကြောင်းအရာမရှိခဲ့ရင် ဒီလိုကြိုဆိုမှုတွေက အင်မတန်ဝမ်းမြောက်စရာတွေပါပဲ.... ခုတော့ ကျွန်မက နှုတ်ခမ်းမှာပြုံးပြီး နှလုံးသားက အက်ကွဲမှုတွေနဲ့.... တစ်စုံတစ်ရာက တို့ထိလိုက်ရင် ကွဲကျေပျက်စီးဖို့ တာစူနေပြီလေ.....

မောင်လေးအကြောင်းတွေပြောပြတဲ့ ဗိုလ်ကြီးတစ်ယောက်ရဲ့ စကားတွေကို ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရတယ်... သူက ဒီတပ်ကို တစ်ညပဲနေသွားရတာဗျ... သူတို့အဖွဲ့လားရှိုးတပ်ကနေ ဒီညရောက်မနက်ဖြန်ထွက်ရတာပဲလေ... ကျွန်တော်က ဆက်သွယ်ရေးစက်သွားပေးတော့ သူတို့အဖွဲ့နဲ့တွေ့ခဲ့ရသေးတယ်... ဒီကောင်တွေအကုန်လုံး သင်တန်းတက်ခဲ့တော့ ပိုက်ဆံတွေပြတ်နေကြပြီဗျ... ချဉ်ပေါင်ရွက်ကို လှော်စားနေကျလို့ ကျွန်တော့်မှာပါတာ အကုန်ပေးခဲ့ရတယ်... သူတို့ကိုပြောပြခဲ့သေးတယ်.... ဒီကောင်တွေက ကလေးတွေဆိုတော့ ဒီလိုအတွေ့အကြုံအစစ်ကို မတွေ့ဖူးသေးဘူးလေ.... သတိရှိဖို့မှာခဲ့ပါတယ်ဗျာ... ကျွန်တော်တို့လည်း ကျွန်တော်တို့ ညီအတွက် တကယ်ယူကြုံးမရဖြစ်ရပါတယ်....

အိမ်မှာ .... အငယ်ဆုံးမို့ ထမင်းတောင်ခူးမစားရတဲ့ကောင်က.... ချဉ်ပေါင်ရွက်လှော်စားနေရတယ်ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ... ကျွန်မဘာမှစားချင်စိတ်မရှိတော့တာ လွန်မလား... ကျွန်မ ထမင်းတစ်လုပ်စားတိုင်း ချဉ်ပေါင်ရွက်လှော်စားနေကြတယ် ဆိုတဲ့စကားတစ်ခွန်းကို... မမေ့နိုင်တော့ပါဘူး....

သူတာဝန်ကျတဲ့မြို့လေးမှာ လေးရက်လောက်နေခဲ့ပါတယ်...

သူတစ်ညပဲနေဖူးတဲ့ နေရာလေးမှာ ကျွန်မ ၄ ရက်လောက်နေခဲ့တာ

သူသိရင်ကျေနပ်မှာပါလေ....

ကျွန်မက သူတာဝန်ကျတဲ့ မြို့လေးမှာ

သူနဲ့တူတူ လိုက်နေမယ်လို့ ပြောခဲ့ဖူးတာကိုး....

မနက်မိုးလင်းလင်းမှာ တောင်ပတ်ပတ်လည်ကို ကြည့်လိုက်တာနဲ့ စိတ်ရဲ့အေးချမ်းမှုတစ်ခုကိုတော့ တွေ့ရပါတယ်... ခက်တာက ဒီလိုနိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ သူတွေမှာ လျှပ်စစ်မီးမရှိတာကိုပါ.... ကျွန်မစိတ်မကောင်းဘူး.... သူတို့တပ်မှာရှိတဲ့ တပ်ရင်းမှူးမိန်းမတွေ ၊ ကျန်တဲ့အရာရှိတွေရဲ့မိန်းမတွေ.. အခြားအဆင့်ဆင့်တွေရဲ့ မိန်းမတွေအကုန်လုံးဟာ ခေတ်ပညာတတ်အမျိုးသမီးတွေဖြစ်တယ်... ဒါပေမယ့်ဒီလိုတောကြုံအုံကြားမှာ သူတို့ခင်ပွန်းတွေအတွက် ဆုတောင်းမေတ္တာသံတွေ နဲ့ အိပ်မပျော်နိုင်တဲ့ညပေါင်းများစွာကို မလှမပကျော်ဖြတ်နေကြတယ်... ဘယ်လိုသတ္တိတွေနဲ့လည်းလို့ မေးလိုက်တော့ ၀ဋ်ကြွေးတွေပေါ့တဲ့ ဆုပ်လည်းစူး စားလည်းရူးဆိုတာ အမတို့ကိုပြောတာပေါ့... လို့ရီဝေေ၀အပြုံးတွေနဲ့ ဖြေသိမ့်ခဲ့ကြတယ်....

ဘာအတွက်ကြောင့်လဲ...

ဘာအတွက်ကြောင့် ဒီလိုတွေဖြစ်နေရတာလဲ...

ကျွန်မတို့မသိနိုင်တဲ့ အရာပေါင်းများစွာ

သူတို့တွေမှာ ခံစားဖူးကြတယ်...

ဘယ်သူမှမလုပ်ချင်ကြပါဘူးတဲ့....

ဒီလိုခံစားချက်က အမတို့တင်မဟုတ်ဘူး သူတို့မှာလည်းရှိကြမှာပါပဲ.... နားလည်ပေးနိုင်ပါတယ် ... တစ်နိုင်ငံလုံး အေးချမ်းဖို့ပဲ နေ့တိုင်းဆုတောင်းနေရတာပါပဲ.....

ကျွန်မစိတ်မကောင်းစွာနဲ့ ပြန်လာခဲ့တယ်.... ကျွန်မရင်ထဲမှာ မြင်နေရတာက လျှပ်စစ်မီးမရှိတဲ့မြို့တွေ.... တစ်တပ်လုံးမှာရှိတဲ့ ကလေးတွေက တီဗွီကြည့်နိုင်ဖို့ တပ်တွင်းသက်သာဆိုင်ကို ပြေးကြရတာတွေ.... သတင်းစာ ၊ ဂျာနယ်ဖတ်ဖို့ တစ်ပတ်ကျော်ကျော်လောက်စောင့်ရတာတွေ... ပိုက်ဆံရှိပြီးစားစရာဆိုင်မရှိတာတွေ....

တစ်နေ့တစ်နေ့ ဘုရားစင်ရှေ့မှာ ငုတ်တုတ်ထိုင်ပြီး ၀တ်ပြုနေသံတွေ.........

သူတို့ရဲ့ ရိုးသားတဲ့မျက်နှာလေးတွေနဲ့ ဘာမှမသိမှုတွေ....... ဘာမှမသိမှုတွေ.......

ကျွန်မ မမေ့နိုင်တော့တာ မဆန်းပါဘူး.... ဒီလိုမြို့လေးပေါင်း မြန်မာနိုင်ငံမှာ ဘယ်လောက်များနေမလဲ.....

စိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့်ရခဲ့ရင်.....

အားလုံးအေးချမ်းပါစေလေ...... ဆုတောင်းပေးရုံကလွဲရင်..... ကျွန်မ ဘာတတ်နိုင်မလဲ..... ?

စာဖတ်သူတွေလည်း.။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ဘာတတ်နိုင်မလဲ......?

********************************************************************

အားလုံးချမ်းမြ့ကြပါစေရှင်။

ကသစ်နွယ်

0 comments: