သေသောသူ ကြာရင်မေ့သတဲ့လား

Filed under: by:

ရင်ထဲကနေ့တစ်နေ့ပေါ့...
သူကဘယ်တော့မှ မငိုဖို့ပြောခဲ့တယ်။ သူမငိုဖို့ပြောခဲ့တာကိုပြန်ကြားတိုင်း မျက်ရည်ကအလိုလိုကျတယ်။ မနက်ဖြန်ဟာ ကျွန်မသမိုင်းထဲက ဖျောက်ဖျက်မရနိုင်တဲ့ နေတစ်နေ့ပေါ့လေ။ နေ့ရက်တွေကို မှတ်မှတ်ထင်ထင်အရာတွေလုပ်ပြီး အမှတ်မထင်ကျော်ဖြတ်ခဲ့တာတွေများနေပါပြီ။ ကျွန်မဘ၀မှာ မတွေးချင်ဆုံးအရာတွေက ဒီရက်စွဲတစ်ခုပဲဖြစ်ပြီး ကျွန်မအတွေးထဲအမြဲရောက်နေတာလည်း ဒီရက်စွဲတစ်ခုပဲဖြစ်တယ်။ နှလုံးသားတစ်ခုလုံးကို စုတ်ပြတ်သတ်သွားအောင် ဖန်ဆင်းခဲ့တဲ့ ရက်စွဲတစ်ခုကို နဝေတိမ်တောင်မျက်လုံးတွေ ဘာမှမဖြစ်သလိုခံစားမှုတွေနဲ့ ကြိုးစားကျော်ဖြတ်ခဲ့ ပေါင်းလည်း များခဲ့ပါပြီ။

ကျွန်မ ပခုံးကိုဖက်ပြီး သူနဲ့အတူလမ်းပေါင်းများစွာလျှောက်ခဲ့ဖူးတယ်။ ကျွန်မထက်ငယ်ရွယ်တဲ့ကောင်ကလေးရဲ့ အမိုးအောက်မှာ ကျွန်မကျေနပ်ခဲ့ဖူးတယ်။ သူရဲ့ ခံစားချက်ပေါင်းများစွာကို ကျွန်မထပ်တူခံစားခဲ့ဖူးတယ်။ ကျွန်မခွံ့ကျွေးတဲ့ ထမင်းအလုတ်ပေါင်းများစွာကို ကလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်စားခဲ့ဖူးတယ်။ ကျွန်မမျက်လုံးထဲက ပီဘိကလေးတစ်ယောက်ဟာ ကျွန်မလုံးဝမထင်မှတ်ထားတဲ့ သေဆုံးမှုတစ်ခုနဲ့ ကျွန်မအနားကထွက်ခွာသွားခဲ့တယ်။ ကျွန်မကတော့ ကျွန်မရေးတဲ့သမိုင်းစာမျက်နှာမှာ နေ့စွဲတစ်ခုမှတ်ထင်ပြီး ကျန်ရစ်ခဲ့ပါတယ်။ သူပြန်လာတိုင်းနှုတ်ဆက်တတ်တဲ့ မမရေဆိုတဲ့အသံတစ်ခုကို တောင့်တယုံမှတပါး ကျွန်မဘာမှမတတ်နိုင်ခဲ့ဘူး။ သူပြန်လာလေးမလားဆိုတဲ့ လုံးဝမရေရာတဲ့ ခပ်ဝါးဝါးအတွေးလေးတစ်စုံနဲ့ စောင့်စားနေခြင်းကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ သူဘယ်ရောက်နေမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတစ်ခုကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ အမှတ်တရတစ်ခုခုမြင်တိုင်း ဘယ်သူမှမမြင်နိုင်ပဲ ကိုယ်တစ်ယောက်တည်း မြင်နေရတဲ့ ခံစားမှုတစ်ခုကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။

တစ်ခုခုလုပ်တိုင်း တိုင်ပင်တတ်တဲ့ ကောင်လေးဟာ သူဘ၀ရဲ့အရေးကြီးဆုံး ကိစ္စတစ်ခုကိုတော့ ကျွန်မကို အသံတစ်စုံနဲ့တောင် မဖော်ပြခဲ့ပါဘူး။ အသက်ကလေး ၂နှစ်လောက်ကွာတာကို အမေတစ်ယောက်လို အမြဲပူပန်တွေးတောဆုံးမနေခဲ့တဲ့ နေ့ရက်တွေဟာ အိမ်မက်တစ်ခုလိုပဲဖြစ်နေခဲ့တယ်။ ဟိုးငယ်ငယ်လေးထဲက သူနဲ့အတူ ပြုလုပ်ခဲ့ရတဲ့ အရာတွေအားလုံးက တစ်ရေးရေးရုပ်ရှင်ပြကွက်တွေလို ပေါ်နေတာဆိုးတယ်။ ဒါဟာ သဘာဝတရားဆိုတာလည်းသိတယ်။ ဘယ်အရာမှမတည်မြဲတာလည်းသိတယ်။ သိရဲ့နဲ့ခံစားရတာတွေဟာ ပိုပြီးလေးနက်တတ်တယ်။

တစ်ချိန်က သူ့လက်ဖ၀ါးပေါ်က ခပ်ရှည်ရှည်အသက်လမ်းကြောင်းလို့ခေါ်တဲ့အရာလေးကိုကြည့်ပြီး မောင်လေးက ငါ့ထက်အသက်ရှည်မယ်လို့ တဖွဖွပြောခဲ့ဖူးတယ်။ အင်း..ဒါဆို မမစောစောသေရင် သားမငိုဘူး။ သားသေရင်လည်း မမ မငိုနဲ့လို့ ကျွန်မကိုခပ်ငေးငေးကြည့်ပြီး သူကတောင်းဆိုခဲ့သေးတယ်။ ဟဲ့သေတာ ငိုစရာလား လူတိုင်းသေရမှာပဲ လုံးဝမငိုဘူးလို့ ကျွန်မက ဘယ်အရာကိုမှမသိမမြင်စွာနဲ့ စကားလှလှလေးဆိုခဲ့ဖူးတယ်...။ ဒီစကားတွေဟာ စာအုပ်ထဲမှာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ် တော်တော်လေးအသုံးဝင်လှတဲ့ စကားလုံးတွေဖြစ်တယ်။ တကယ့်လက်တွေ့မှာတော့ ခါးတယ်ဆိုတာထက် ပိုပါတယ်။

အခါးတွေမြိုချထားတဲ့ မိန်းမတစ်ယောက်ပေါ့။ လူတွေနဲ့လည်းနီးရက်နဲ့ဝေးနေတယ်။ တစ်ခါတစ်ခါ စိတ်ထင်ရာတွေလုပ်တတ်သေးတယ်။ ခပ်ငြိမ်ငြိမ်ထိုင်နေရတဲ့ တရားထိုင်ခြင်းမျိုးကို နှစ်သက်တယ်။ ဘယ်သူ့ကိုမဆိုကိုယ့်စိတ်နဲ့နှိုင်းယှဉ်ပြီး ယုံကြည်တတ်တယ် ။ ဘယ်သူ့ကိုမဆို နားလည်ပေးဖို့လည်း အဆင်သင့်ဖြစ်နေတတ်တယ်။ ဘယ်အရာကိုမှ ပိုင်ဆိုင်လိုစိတ်လည်းမရှိသူဖြစ်တယ်။ လောလောဆယ်တော့ ဘာကိုမှ မျှော်လင့်ချက်မရှိသူတစ်ယောက်လည်း ဖြစ်နေတယ်။ အရင်ကတက်ကြွနေတဲ့စိတ်တွေ ဘယ်အရာကိုမဆိုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်းတွေကို တစ်စစီပြန်မွေးမြူနေရတဲ့သူလည်းဖြစ်တယ်။ ကျွန်မ အတ္တကြီးတာမဟုတ်ပါဘူး။ အနှစ်နှစ်ဆယ်လောက် ကျွန်မချစ်တဲ့မောင်လေးနဲ့ တူတူနေခွင့်ရခဲ့တာကိုလည်း ကျေနပ်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ဒီလိုတွေခံစားနေရတယ်ဆိုတာကိုလည်း မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အရာအားလုံးဟာ အချိန်တန်ရင်ပြီးဆုံးသွားရမှာပါပဲ။ စကားပုံတစ်ခုရှိတယ်။ သေသောသူကြာရင်မေ့တဲ့။ ကျွန်မမေ့တန်ကောင်းပါရဲ့။ ဖြစ်နိုင်ရင် မေ့လျော့ခြင်းကိုပဲ တောင့်တပါတယ်။ ငါ မေ့နိုင်ပါစေ....

0 comments: