တစ်ခါတစ်ခါ လွန်စွာတောင်ရောက် မြောက်ရောက်တွေးမိတဲ့ အတွေးခပ်ဆိုးဆိုးတွေ အတွေးခပ်ချောချောတွေ အများကြီးရှိပါတယ်...ဒီနေ့ဒီစကား ဒီလူတွေကြားမှာ .... ခပ်ချော်ချော်လျှောက်တွေးမိလို့ ရေးလိုက်တဲ့စာလေးပါ။ ဘာမှအရေးမကြီးဘူး.. စိတ်မ၀င်စားရင် ကျော်လိုက်ပါ။
လူရယ်လို့ဖြစ်လာရင် ရုပ်ရယ် နာမ်ရယ် အတူတူညားနေတဲ့ လင်မယားကို ပိုင်ကြပါတယ်။ သူတို့မကွဲသ၍တော့ ခန္ဓာနဲ့စိတ်ဆိုတာကို ပိုင်ပါတယ်။ လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့အတိုင်း စိတ် နဲ့ ရုပ်နဲ့ တည့်လိုက်မတည့်လိုက်ပေါ့လေ...သွေးမတော်သားမစပ်ဆိုတော့ သည်းခံရပါတယ်... ရုပ်ကိုသည်းခံလိုက် စိတ်ကိုသည်းခံလိုက် ဒီလိုနဲ့နေ့တိုင်း ကိုယ်ရင်ခုန်သံကိုယ်ကြားနိုင်ဖို့ သည်းခံရတာတွေ .. သည်းခံရတာတွေ.. နင်ကလူမဟုတ်ဘူးလား...
အေးဟုတ်တယ် .. ငါလူ...
အေး.. နင်လူဖြစ်ချင်ရင်... ဒီလင်မယားကို သည်းခံရမှာပေါ့တဲ့...
တစ်ယောက်ရဲ့ခြေလှမ်းကနောက်တစ်ယောက်ရဲ့ ခြေလှမ်းနဲ့တူကြပါသလား... တစ်ခါတစ်ခါမှာ သူများလျှောက်တဲ့ ခြေလှမ်းအရေအတွက်ထက် ကိုယ့်နှာခေါင်းပေါက်ကို ဘယ်သူလာ အသက်ရှုနေသလဲဆိုတာကို သိဖို့ကြိုးစားသင့်တယ်လို့ထင်ပါတယ်... သွားတဲ့သူတွေသွားတယ်... ရပ်နေတဲ့သူတွေရပ်နေတယ်... သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်နိုင်ဖို့ဆိုတာကလည်း အပြောသာလွယ်တာ.. အတွေးထဲမှာတောင် လျှောက်ဖို့မလွယ်ဘူး...။ ကိုးလို့ကန့်လန့် နဲ့နော်....
နင်လူမဟုတ်ဘူးလားတဲ့...
အေးဟုတ်တယ်... ငါလူ...
အေးလူဆိုရင်... ကိုယ့်နှာခေါင်းပေါက် ဘယ်သူလာအသက်ရှုနေလည်း သိဖို့မလိုဘူး.. သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်တတ်ဖို့လိုတယ်...
အမြင်ဆိုတာ ကြည့်တဲ့သူပေါ်မူတည်တယ်... အကောင်းပဲမြင်မြင် အဆိုးပဲမြင်မြင် မြင်ချင်သလိုမြင်ခွင့်ရှိတဲ့ ဘ၀မှာ ကိုယ်ဘယ်လိုမြင်ချင်သလဲ ကိုယ်တိုင်ရွေးချယ်မှုရှိတယ်... ဒီတော့ မြင်တတ်အောင်ကြည့်ဖို့လိုသလား ကြည့်တတ်အောင်မြင်ဖို့လိုသလား...အမြင်နဲ့အကြည့်ပေါ်ရွေးချယ်မလား.... မှန်မှန်ပဲကြည့်ပါ... မှန်မှန်မြင်ပါလိမ့်မယ်.... အစိမ်းရောင်ကို အစိမ်းရောင်အတိုင်း မြင်ဖို့က ဘာတွေလိုမလဲ... ?
နင်..လူ..မဟုတ်ဘူးလား...
အေးဟုတ်တယ်... ငါလူ....
အေး... လူဆိုရင်... ကြည့်တတ်ဖို့ထက် မြင်တတ်ဖို့ကြိုးစားစမ်းပါတဲ့...
လူတစ်ယောက်က လူတစ်ယောက်ကိုစော်ကားရတာ အရမ်းလွယ်တဲ့ ကိစ္စပဲဖြစ်တယ်... လူတစ်ယောက်က လူတစ်ယောက်ကို ကြီးမြတ်ခမ်းနားအောင်လုပ်ဖို့တော့ အတော်ကြီးခက်ပါတယ်... ကိုယ်တိုင်ကြီးမြတ်သလား ကိုယ်တိုင်ခမ်းနားသလား.. သူကကော ကြီးမြတ်မှုကို လက်ခံနိုင်မယ့်သူလား... လက်မခံနိုင်တဲ့သူလား.. ကိုယ့်ရဲ့ကြီးမြတ်မှုနဲ့ သူ့ရဲ့လက်ခံနိုင်မှု ထပ်တူကြတဲ့အဖြေတစ်ခုက ကြီးမြတ်မှုဖြစ်နိုင်မလား... ကြီးမြတ်မှုတစ်ခုရဖို့ပင်ပန်းလိုက်တာ... နားနားနေနေ နေလိုက်ရုံနဲ့ကော ငါကြီးမြတ်မလား... အပတ်တကုတ်ကြိုးစားလိုက်မယ်ဟာ... ငါကြီးမြတ်မလား... အင်း တွေးနေရေးနေရုံနဲ့မောလိုက်တာ... သေချာတယ် ငါကကြီးမြတ်သူမဟုတ်ဘူး..............
နင်..လူ..မဟုတ်ဘူးလား...
အေးဟုတ်တယ်... ငါလူ....
အေး... လူဆိုရင်... သူများကိုကြီးမြတ်အောင်လုပ်ဖို့ထက် ကိုယ့်ကိုကိုယ်ကြီးမြတ်အောင်လုပ်စမ်းပါတဲ့...
********
ဒီနေ့ ဒီစကားကိုပဲ လူတစ်ယောက်ကပြောတယ်.... မှန်တယ်တဲ့
ဒီနေ့ ဒီစကားကိုပဲ နောက်တစ်ယောက်ကပြောတယ်... မှားတယ်တဲ့
ဒီနေ့ပေါ့ ဒီစကားကိုပဲ နောက်ထပ်လူတစ်ယောက်ထပ်ပြောတယ်... မှန်လည်းမှန်တယ် မှားလည်းမှားတယ်တဲ့
ဒီနေ့ ဒီနေ့ ဒီစကားဒီစကား ဒီလူတွေထဲက ဒီလူ ထပ်ပြောတယ်တယ် ထပ်ပြောတယ်.. မှန်လည်းမမှန်ဘူး မှားလည်းမမှားဘူးတဲ့....
ဒီနေ့တော့ ဒီစကားတွေနဲ့ ဒီလူတွေကြားမှာ ငါ လူစင်စစ်က နတ်ဖြစ်သွားတယ်....
Subscribe to:
Post Comments (Atom)
0 comments: